သပိတ်ကျင်း၊ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှ (၂)ရက်အတွင်း COVID-19 ရောဂါအတည်ပြုလူနာ (၇)ဦး တွေ့ရှိခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
သပိတ်ကျင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်တက်ရောက်ကုသနေသော ချောင်းကြီးကျေးရွာ၊ အမှတ်(၅)ရပ်ကွက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူ (၄၅)ဦးအား သက်ဆိုင်ရာ Facility Quarantine Centre တွင်ထားရှိပြီး ယမန်နေ့က ချောင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ RTD Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ဦး------(၃၅)နှစ်နှင့် မောင်---------(၉)နှစ် တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရောဂါပိုးတွေ့ရှိသူများနှင့် ထပ်ဆင့်ထိတွေ့သူ(၃)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ RTD Test Kit ဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ အမှတ်(၅)ရပ်ကွက်မှ ဒေါ်-------(၃၀)နှစ်တွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့ ပိုးတွေ့ရှိလူနာ(၄)ဦးနှင့်ဆိုပါက (၂)ရက်အတွင်း ချောင်းကြီးကျေးရွာမှ ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၇)ဦး ရှိပြီဖြစ်သည်။ ယခုအခါ အဆိုပါ ပိုးတွေ့လူနာများမှာ သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံရှိ အထူး ကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ဒီဇင်ဘာလ ၁၁ ရက် နေ့အထိ ကျား(၇)ဦး၊ မ(၃)ဦး စုစုပေါင်း (၁၀)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)