ကျိုင်းတုံမြို့ ဘုန်းတော်ကြီးကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် စာသင်သားရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ အထင်ကရဘုန်းကြီးကျောင်းများတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် နာရီက ကျိုင်းတုံမြို့၊ ဟိုခုံဘုန်းတော်ကြီးကျောင်း၌  တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်ပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်သာသနာရေးဦစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဟိုခုံဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆောင်ရန်၊ ရှောင်ရန်နည်းစနစ်များ အသိပညာပေး ပြောကြားပြီး ကျောင်းဆောင်များရှိ အများမြင်သာသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဗီနိုင်းပိုစတာများကပ်ပေးကာ   နှာခေါင်းစည်းနှင် Hand Gal ဘူးများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဈေးများ၊ လူစည်ကားသည့်နေရာများ၊ စာသင်းသားရှိသည့် ဘုန်းတော်ကြီး ကျောင်းများနှင့် အထင်ကရဘုန်းကြီးကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာစေရေး အသိပညာပေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)