မိုင်းယုမြို့တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဆောင်းသီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းယု ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင်  ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ တောင်သူများ စိုက်ပျိုးထား သည့် ဆောင်းသီနှံ ဟင်းသီးဟင်းရွက် စိုက်ခင်းများအား မြို့စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်စေရေးအတွက် ဒီဇင်ဘာ ၁၁ ရက်နေ့ကဒေသတွင်းရှိ တောင်သူတို့၏ စိုက်ပျိုးရေးခြံများသို့ ကွင်းဆင်းအသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။

“ဒေသခံတောင်သူများ ဒေသရဲ့ရာသီဥတုအခြေအနေနဲ့ ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်စေတဲ့ ဆောင်းသီးနှံမျိုးစေ့များကို အခမဲ့ ဖြန့်ဝေပေး တဲ့အပြင် ပိုးမွှားရောဂါ မကျရောက်အောင် ကာကွယ်နည်းတွေ၊ အပင်အားကောင်းစေရန် သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာ ပေါင်းစပ်ကြဲပက်နည်း တွေ၊  ဘက်စုံပိုးမွှားရောဂါ ကာကွယ်နည်းတွေ၊ စိုက်ပျိုးသီးနှံဈေးကွက် အခြေအနေများ၊ လုပ်သားများ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ မြေဆွေးပုံပြုလုပ်နည်းတွေကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေး လျက်ရှိပါကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်က ပြောကြားသည်။

မိုင်းယုဒေသအတွင်းရှိ တောင်သူတို့ စိုက်ပျိုးရောင်းချလျက်ရှိသည့် မုန်ညင်း၊ ရွှေပဲရွက်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုံလာ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ရုံးပတီ၊ ဖရုံ၊ ဘူး၊ သခွားနှင့် ဘိုစားပဲစသည့် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားလျက်ရှိကြပြီး မိရိုးဖလာ စိုက်ပျိုး လာရာမှ ခေတ်မီစိုက်ပျိုးစနစ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်ယန္တရားများကို အသုံးပြုလျက် စိုက်ပျိုးမှု နည်းပညာသစ်များကို ဆန်းသစ် တီထွင်စိုက်ပျိုးလာသဖြင့် အချိန်နှင့်ငွေကုန်သက်သာစေပြီး လုပ်သားရှားပါးမှု အခက်အခဲကိုလည်း လျော့ချပေးလျက်ရှိ၍  တောင်သူတို့၏ ယခုနှစ် ဆောင်းသီးနှံ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေလျက် ရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)