ပျော်ဘွယ်မြို့နယ် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

ပျော်ဘွယ် မေ ၂၂

မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာကျင်းပခြင်းကို မေလ (၂၂) ရက်၊ နံနက် (၁၀)နာရီခွဲက မင်းလမ်းကျေးရွာအုပ်စုရှိ အဆိုပါကျောင်းတွင်ကျင်းပသည်။

မင်္ဂလာအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုး၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီအရာရှိ ဦးသော်ဇင်ဝင်း၊ ကျောင်းဆောင်သစ်အလှူရှင်ဖြစ်သည့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးနှင့် ကျောင်း အုပ်ဆရာမကြီးတို့က သတ်မှတ်နေရာ၌ မင်္ဂလာပန္နက် တင်ပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်မှ စတင်ပညာသင်ကြားရမည်ဖြစ်ခြင်းကြောင့် ကျောင်းဆောင်သစ်ဆောက်လုပ် မပြီးမီကာလအတွင်း ယာယီကျောင်းဆောင်၌ အဆင်ပြေစွာသင်ကြားနိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းသည်။

ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးခန့် နှစ်စဉ်ပညာ သင်ကြားနေသည့် ကျောင်းတစ်ကျောင်းဖြစ်ကြောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ အလျား (၁၂၀) ပေ၊ အနံ (၃၀) ပေရှိ RC တစ်ထပ် အဆောက်အဦးကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)