မိတ္ထီလာမြို့ ၌ ကိုဗစ်ကပ်ကျော် ဗုဒ္ဓပြုံးတော်မူဗုဒ္ဓဥယျာဉ်တော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ပြည်တွင်းပြည်ပကမ္ဘာ့သာသနာပြု အဘိဓဇအဂ္ဂမဟာဇောတိက၊ အဂ္ဂမဟာပဏ္ဍိတဒေါက်တာအရိယာဝံသ(ပုဂံအလိုတော်ပြည့်ဆရာတော်ကြီး)၏ဩဝါဒခံယူ၍ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁၆၈ ဆူအား အများစုပေါင်းတည်ထားကိုးကွယ်သော ကိုဗစ်ကပ်ကျော် ပြုံးတော်မူဗုဒ္ဓဥယျာဉ်တော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု ညောင်ကုန်ကျေးရွာတွင်တည်ရှိသော အဆိုပါ ဗုဒ္ဓဥယျာဉ်တော်ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ မိတ္ထီလာမြို့ အလိုတော်ပြည့်ကျောင်းတိုက်ပဓာနာနယက    (နယ်လှည့်ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယ) ဘဒန္တပညာသာရထံမှ ငါးပါးသီလတရားတော်များက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အလှူရှင်များနှင့် တက်ရောက်လာကြသူများက ခံယူဆောက်တည်ကြသည်။ ထို့နောက် ကိုဗစ်ကပ်ကျော် ပြုံးတော်မူဗုဒ္ဓဥယျာဉ်တော် အား စီမံဦးဆောင်သည့် အလိုတော်ပြည့်ကျောင်းတိုက်ဦးစီးပဓနနာယဆရာတော် ဘဒ္ဒန္တပညာသာရက အဆိုပါဥယျာဉ်တော်တည်ဆောက်၍ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ တည်ထားကိုးကွယ် ရသည့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဩဝါဒါကထာ မြွက်ကြားသည်။ ထို့နောက် ကိုဗစ်ကပ်ကျော် ပြုံးတော်မူဗုဒ္ဓဥယျာဉ်တော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊  ဆရာတော်ဘဒ္ဒန္တပညာသာရနှင့် အလှူရှင်မိသားစုတစ်စု ဖြစ်သည့် ဦးခင်ဇော်မိုးနှင့် ဒေါ်ဝါဝါမိုး မိသားစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါ ဗုဒ္ဓဥယျာဉ်တော်သည် ရန်ကုန်-မန္တလေး ကားလမ်းမအနီးညောင်ကုန်းကျေးရွာ အလိုတော်ပြည့်ကျောင်းတိုက်နှင့် ကပ်လျက်တည်ရှိပြီး  ၂ဝ၂ဝ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဥယျာဉ်တော်အား စတင်တည်ဆောက်ခဲ့ပြီး ကိုဗစ်၁၉ရောဂါ  ဖြစ်ပွားမှုကြောင့် ပြည်သူများ မရွှင်မလန်းစိတ်ပင်ပန်းဖြစ်နေသည်ကို ရွှင်လန်းပြုံးပျော်အေးချမ်းစေရန်၊ မြို့သာယာစည်ပင်ဖွံ့ဖြိုးအေးချမ်းစေရန်၊ နောင်တချိန်တွင်စကျင်ကျောက်များဖြင့်တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ တစ်စုတစ်စည်းတည်းရှိနေရာနေရာအဖြစ် သမိုင်းယဉ်ကျေးမှု အမွေအနှစ်ကျန်ရစ်စေရန် စသည်ရည်ရွယ်ချက်များဖြင့် အဆိုပါ ကိုဗစ်ကပ်ကျော် ပြုံးတော်မူဗုဒ္ဓဥယျာဉ်တော်အားတည်ဆောက်၍ တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်းသိရသည်။

ချမ်းသာ