ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်

ပြင်‌ဦးလွင် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ပညာရေး၀န်ကြီးဌာန အခြေခံပညာကျောင်းများ၌ မေလ(၂၂)ရက်နေ့မှစ၍  ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပညာရေး၀န်ကြီးဌာနမှ ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့ အပ်နှံရန်၊ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရန်နှင့်  ထိုသို့ဆောင်ရွက်ရာတွင် မွေးစာရင်း မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့် မိဘများ၏ အမျိုးသားမှတ်ပုံတင်များယူလာစေ၍ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုလုပ်ဘဲ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံနှင့် ကျောင်း၀တ်စုံများကို ကျောင်းသား/ကျောင်းသူတိုင်းအား နိုင်ငံတော်မှ(အခမဲ့) ထောက်ပံ့ပေးကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလွန်ကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ တာ၀န်ရှိသူ တစ်ဦးထံမှ သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)