မိုင်းတုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ​ကျောင်းအပ်နှံ​ရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းတုံ မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံမှု လက်ခံလျက်ရှိကာ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေ ၂၂ ရက်မှ ဇွန် ၂ ရက်အထိ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ​ကျောင်းအပ်လက်ခံရာတွင်​၊ မိုင်းတုံမြို့နယ်ရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို မိုင်းတုံမြို့နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး (ပြန်/ဆက်)