မန္တလေး၊ ဒီဇင်ဘာလ ၁၁
ဖျားနာကုသရေးဆေးခန်း (Fever Clinic Centre) အသစ်ကို မဟာအောင်မြေမြို့နယ်၊ ၄၁လမ်း၊ လက်သမားရပ် ထပ်မံတိုးချဲ့ဖွင့်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်း ဒေသကြီး) COVID-19 Response Team မှ သိရသည်။
" အသစ်ဖွင့်မယ့် ဆေးခန်းကို လက်သမားရပ်ဓမ္မာရုံဝင်း အတွင်းလျာထားပြီး အဆောက်အဦ ဆောက်တာတွေ စလုပ်တော့မှာပါ၊ ဒီဇင်ဘာ တတိယပတ်ထဲ မှာ ဖွင့်နိုင်အောင် ကြိုးစားသွားမှာပါ၊ ဖျားနာကုသရေးဆေးခန်းတွေကို ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများလာတဲ့နေရာတွေကို အဓိက ထားဖွင့်လှစ်သွားဖို့စီစဉ်ထားပါတယ်၊ အခုဆေးခန်းသစ်ကတော့ လေးခုမြောက်ဆေးခန်းဖြစ်ပါတယ်၊"ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) COVID-19 Response Team ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်ကပြောသည်။
နိုဝင်ဘာအတွင်း ချမ်းအေးသာစံမြို့နယ် Fever Cinicတွင် လာပြသော လူနာ ၂၄၂ ဦးရှိပြီး ဆေးရုံကြီးကို ၇၃ ဦးလွဲခဲ့ရာ ကိုဗစ်ရောဂါတွေ့ရှိသူ ၃၇ဦးရှိကြောင်း၊ အောင်မြေသာစံမြို့နယ် Fever Clinicတွင် နိုဝင်ဘာလအတွင်း လာပြသူ ၁၈၈ဦးရှိရာ ဆေးရုံကြီးကို ၈၄ယောက်လွှဲရပြီး ၃၆ယောက် Positiveတွေ့ရှိကြောင်း၊ ချမ်းမြသာစည်မြိုနယ် Fever Clinic တွင် နိုဝင်ဘာလအတွင်း လာပြသော လူနာ ၉၀ဦးရှိပြီး ဆေးရုံကြီးကို လူနာ၃၇လွှဲရာ ၁၆ဦး Positiveတွေ့ရှိကြောင်း သိရသည်။
" လောလောဆယ်တော့ မန္တလေး Semi Lockdownလုပ်တဲ့အခါမှာ Fever Clinic ဆေးခန်းတွေမှာ ၂ခုလုပ်ထားတယ်။ တစ်ခုကတော့ Fever Clinicကို မလာနိုင်တဲ့ သူတွေကို Fever Clinicဖုန်းနံပါတ်တွေ ထုတ်ပြန်ထားတယ်။ Call Centreတွေကို မမေးဘဲ Fever Clinicကို တိုက်ရိုက်မေးရင် လိုအပ်သလို လမ်းညွှန်မှုတွေ ပေးပါတယ်။ ဖျားတာကတော့ ရာသပေါ်တုပ်ကွေးနဲ့ ဆက်စပ်တာတွေ ရှိတာပေါ့လေ။ ဖျားပြး ချောင်းဆိုးမယ်။ နုံးမယ်။ မောမယ်ဆိုရင်တော့ ကျွန်တော်တို့က ကိုဗစ်လို့ စဉ်းစားတယ်။ များသောအားဖြင့် အနံ့မရတဲ့သူတွေ ပိုလာတာများပါတယ်။ " ဟု ဆက်ပြောသည်။
မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်းများကို ချမ်းမြသာစည်မြို့နယ်၊ ၁၀၇လမ်း၊ ၅၅လမ်းနှင့်၅၆လမ်းကြား၊ အောင်သာယာဈေးအရှေ့၊ ထွန်းတုံးကျန်းမာရေးဌာနခွဲတွင် ဖျားနာကုသရေးဆေးခန်း၊ အောင်မြေသာစံမြို့တွင် ၁၂လမ်း၊ ၇၅လမ်းနှင့် ၇၆လမ်းကြားရှိ အောင်မြေသာစံ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ပိတ်ရက်မရှိ မနက် ၉နာရီ မှ ၁၁နာရီအထိ ဖွင့်လှစ် ထားကြောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ ဗြဟ္မစိုရ်လူမှုကူညီရေး အသင်း(မန္တလေး) ဝင်းအတွင်းရှိ ဖျားနာကုသရေးဆေးခန်းကို မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်းသိရသည်။
ထိပ်ထားနိုင်