ရမည်းသင်း ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရမည်းသင်းမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦးတို့မှ အမှာစကား ပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းအောင်မှ လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းမြို့နယ် ပညာရေးမှူး ဒေါ်နှင်းနှင်းဝင်းမှ စာဖတ်ခြင်း အကျိုးကျေးဇူးကို လည်းကောင်း၊ ရမည်းသင်းမြို့နယ် စိန်လသာ စီးပွားရေး သင်တန်းကျောင်း တာဝန်ခံ ဦးဇော်မင်းစိုးမှ စာပေအသိပညာနှင့် ယဉ်ကျေးမှုကိုလည်းကောင်း၊ မြို့နယ် စာရေးဆရာ အသင်းအဖွဲ့ဝင် ဦးမျိုးလွင်မှ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက် ရှင်သန်ရေး ကိုလည်းကောင်း၊ ရမည်းသင်းခရိုင် လူငယ်ရေးရာ ကော်မတီ ဦးအေးမင်းမြတ်မှ လူငယ်များ အနာဂတ်သားကောင်းရတနာ ဖြစ်လာစေရေး စာဖတ်ကျစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဆွေးနွေးကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းမှ ကျောင်းသား၊ ကျောင်းသူများ တိုင်းပြည် အားထားရသည့် လူတော်လူကောင်းများ ဖြစ်စေရေးနှင့် စာပေအသိပညာ ဗဟုသုတတိုးပွားကာ လူစွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)