ကျောက်ဆည်မြို့တွင် ရေခဲသေတ္တာ Save Card အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

ကျောက်ဆည် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီရပ်ကွက်တွင် ယနေ့နံနက် (၁) နာရီ (၅၀) မိနစ်အချိန်ခန့်က ရေခဲသေတ္တာ Save Card အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေခဲသေတ္တာ Save Card အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး အလျား(၂၇)ပေ၊ အနံ (၂၇)ပေ၊ အမြင့်(၂၄)ပေ သွပ်မိုးအုတ်ညှပ်(၂)ထပ်အိမ် မီးလောင်မှုကြောင့် မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းငွေ (၃၅၀၀၀၀၀) ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဒေါ်တင်အောင်၊ အသက်(၉၃)နှစ်၊ အဘဦးဘသာ၊ ဒေါ်ထွေးထွေးအသက်(၇၅)နှစ်၊ အဘဦးဘသာ၊ ဒေါ်နွယ်နွယ်ဦး အသက်(၆၃)နှစ်၊ အဘဦးပျော့၊ ဒေါ်ခင်သူဇာ(၅၈)နှစ်၊ အဘဦးပျော့၊ စုစုပေါင်း(၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးစီး(၂၅)ဦးအဖွဲ့တို့သည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူသေဆုံးမှုများရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)