ပေါင် မေ ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၂၀ ရက်နေ့ နံနက်(၁၀)နာရီက ဘန့်ဘွေးကုန်းကျေးရွာအုပ်စု အလက(ခွဲ)မုကျိကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်က သထုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းနည်းပညာများ သင်ကြားပေးခြင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျ မှတ်ပုံတင်ပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သထုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းလှက မွန်ပြည်နယ်အနေဖြင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း(၁၅)ခုအနက် သထုံခရိုင်မှ ဝင်ငွေတိုးစီမံကိန်းဖြစ်သည့် မုကျိကျေးရွာ အပါအဝင် ကျေးရွာ(၇)ရွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိဌာန၏ ရည်မှန်းချက်များဖြစ်သည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ MSME လုပ်ငန်းများအား လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးခြင်းအပြင် လုပ်ငန်းရှင်များ မှတ်ပုံတင်လာသည့် လူသုံးကုန်၊ စားသောက်ကုန်လုပ်ငန်း ထုတ်ကုန်များကို ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ဓာတ်ခွဲစမ်းသပ်ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်နှင့် သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်းဆရာ(၂)ဦးက သင်တန်းသူ(၁၃)ဦးတို့ဖြင့် (၇)ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)