အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်း မပါရှိလျှင် အခမဲ့နှာခေါင်းစည်း တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်း မပါရှိလျှင် အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်အတွင်း၌ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်အနက် ရွာမအရှေ့ ရပ်ကွက်၊ တညင်းကုန်းရပ်ကွက်နှင့် ဖော့ကန်ရပ်ကွက်များရှိ လမ်းများ၊ လူစည်ကားရာနေရာများကားဂိတ်၊ ဈေးများ သို့ သွားရောက်၍ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ရပ်ကွက် စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်းမပါရှိလျှင် အခမဲ့နှာခေါင်းစည်း တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Hand Speaker ဖြင့် အသိပညာပေးရာတွင် နှာခေါင်းစည်း Mask များကို မေးစေ့တွင် မချိတ်ပဲ နှာခေါင်းနှင့် ပါးစပ်များတွင် စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေကြရန်၊ လက်များကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန် စသည်တို့ကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အဆိုပါရပ်ကွက်(၃)ခုတွင် နှာခေါင်းစည်း(၈၀၀)ကျော်ကို အခမဲ့ တပ်ဆင်ပေးခဲ့ ပြီး ကျန်ရှိနေသော ရပ်ကွက်များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သွားရောက်၍ အရှိန်အဟုန် မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)