မိုင်းပျဉ်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ် လက်ခံခြင်းများဆောင်ရွက်

မိုင်းပျဉ်း မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှစ၍ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအားလုံးတွင် အေးချမ်းစွာ စတင်လက်ခံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးနေမှုများကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းဟွမ်းနွမ်းမှ ကြီးကြပ်လမ်းညွှန်ပေးပြီး KGတန်းမှ Grade-5ထိ ကျောင်းသား၊ ကျောင်းသူများကို ဘာသာစုံပုံနှိပ်ဖတ်စာအုပ်(၁)စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ(၃)ချောင်းနှင့် ကျောင်းဝတ်စုံ(၁)စုံစီ ထောက်ပံ့ပေးခြင်း၊ Grade-6မှ Grade-12အထိ ကျောင်းသား၊ ကျောင်းသူများကို ဘာသာစုံပုံနှိပ် ဖတ်စာအုပ် (၁)စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းစီ ထောက်ပံ့ပေးခြင်း၊ KGမှ Grade-4ထိ ကျောင်းသား၊ ကျောင်းသူများကို သင်ထောက်ကူပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးခြင်းများ ဆောက်ရွက်ပေးပြီး ယင်းအခြေခံပညာ KG မှ Grade-12 အထိ ကျောင်းအပ်နှံမှုကို ယနေ့ မေလ (၂၂) ရက်မှ ဇွန်လ(၁)ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ(၂)ရက်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ် ပညာသင်ကြားပေးမည်ဖြစ်ကြောင်း ပညာရေး ဌာနမှသတင်း ရသည်။

နန်းသန္တာဦး(ပြန်/ဆက်)