ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက်  ကျောင်းအပ် စတင်လက်ခံ

ပုဗ္ဗသီရိ မေ ၂၂

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်‌ပေးလျက်ရှိရာ  ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါးတည်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၂၉) ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၅၉)ကျောင်းအပြင် ဘုန်းတော်ကြီးသင်ကျောင်း (၅)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၃)ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့်  ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း  နှစ်သောင်းကိုးထောင်ကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)