လားရှိုး ဒီဇင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီ တာဝန်ထမ်းဆောင်ရန် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လားရှိုး)မှ မေ့ဆေးအထူးကုဆရာဝန် တစ်ဦးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု (၂၀)ဦးမှာ ယမန်နေ့ ညနေ (၅)နာရီအချိန်က စတုတ္တအသုတ်အဖြစ် လားရှိုးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအား ပြုစုကုသနိုင်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု(၂၀)ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်က လားရှိုးမြို့ရှိ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန မှူး ရုံးခန်းမ၌ တွေ့ဆုံရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင်မောင်ညွန့်၊ လားရှိုးပြည်သူ့ဆေးရုံအုပ်ပြီး ဒေါက်တာဉာဏ်မြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု အားပေးစကား ပြောကြားသည်။
ယင်းနောက် ခရီးစဉ်အတွင်း အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကမ္ဘောဇဘဏ် လီမိတက်မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်နှစ်သိန်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း(လားရှိုး)မှ နှစ်သိန်းကျပ်ကိုထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
ရန်ကုန်မြို့သို့ သွားရောက်ကူညီတာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများမှာ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(လားရှိုး)မှ မေ့ဆေးအထူးကုဆရာဝန်တစ်ဦး ၊ သူနာပြု(၂၀)ဦးမှာ နောင်ချိုမြို့နယ်မှ (၂)ဦး၊ ဟိုပန်မြို့နယ်မှ(၂)ဦး၊ ကွတ်ခိုင်မြို့နယ်မှ(၂)ဦး၊ မိုင်းရယ်မြို့နယ်မှ (၂)ဦး၊ တန့်ယန်းမြို့နယ်မှ(၂)ဦး၊ မိုးမိတ်မြို့နယ်မှ(၂)ဦး၊ သိန္နီမြို့နယ်မှ(၂)ဦး၊ မဘိမ်းမြို့နယ်မှ (၂)ဦး၊ ကွမ်းလုံမြို့နယ်မှ(၂)ဦး၊လောက်ကိုင်နှင့် နမ့်ဆန်မြို့နယ်တို့မှ(၁)ဦးစီတို့ ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(ပြည်နယ် ပြန်/ဆက်)