တောင်ကြီး မေ ၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်သည် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ အားကစားသမားအချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် ပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားများ ပေါ်ထွက်လာစေလိုသည့်အတွက်ကြောင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် ကမ္ဘာတစ်ဝှမ်းလုံးမှ အထူးစိတ်ဝင်စားသော အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံ၏ National Game အဖြစ် သတ်မှတ်ထားသည့် ကစားနည်းဖြစ်ပါကြောင်း၊ မြန်မာ့ဘောလုံးသမိုင်းကို ကြည့်မည်ဆိုလျှင်တစ်ချိန်က အရှေ့တောင်အာရှနှင့် အာရှတစ်လွှားတွင် လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး ဘောလုံးရွှေခေတ်တစ်ခေတ်ကို ပိုင်ဆိုင်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အာရှချန်ပီယံ (၂)ကြိမ်နှင့် အရှေ့တောင်အာရှချန်ပီယံဖြစ်ခဲ့ခြင်းက မြန်မာ့ဘောလုံးအသင်း၏ အောင်မြင်မှုမှတ်တိုင်အဖြစ်သက်သေထူနိုင်ခဲ့ပါကြောင်း၊ ၁၉၅၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲမှာ ရှမ်းပြည်နယ်အသင်းအနေဖြင့်ရရှိခဲ့သည့် ပထမဦးဆုံးချန်ပီယံဆု အပါအဝင် ၁၉၉၃ ခုနှစ်အထိ စုစုပေါင်း (၁၁)ကြိမ်အထိ ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပသည့် FIFA MFF U15 FOOTBALL LEAGUE နှင့် ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့် MFF U17 LEAGUE မှာ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းတွေကသာ ချန်ပီယံဆုရရှိခဲ့ပြီး ရှမ်းပြည်နယ်၏ ဘောလုံးအဆင့်အတန်းမြင့်မားမှုကို သုံးသပ်တွေ့ရှိရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့ဘောလုံးအားကစား ပြန်လည်ဦးမော့လာစေရေးကို အရေးကြီး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေးစီမံချက်များရေးဆွဲကာ အလေးအနက်ထား ဆောင်ရွက်နေပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် တည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းကို ရောင်ပြန်ဟပ်စေမှာဖြစ်ပါကြောင်း၊ အားကစားအဆင့်အတန်းမြင့်မားခြင်းသည် နိုင်ငံတော်နှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အခြေအနေကိုဖော်ပြနေပါကြောင်း၊ ထိုအချက်များသည် အားကစားတိုးတက်မြင့်မားရေးဆိုင်ရာ ခံယူချက်များကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အားကစားဝါသနာရှင် မိဘပြည်သူများ၏ ကူညီထောက်ပံ့မှုတို့အပြင် အဓိကကျသည့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများ၏ ခံယူချက်မှန်ကန်ရန်နှင့် ဇွဲ၊ စိတ်ဓာတ်ကိုအရင်းခံ၍ ကြိုးပမ်းအားထုတ်မှုထက်မြက်နေရန် အထူးလိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးမှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ဖွင့်ပွဲ ပွဲစဥ်အဖြစ် ဖယ်ခုံမြို့နယ်အသင်းနှင့် တောင်ကြီး မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို (၂၁.၅.၂၀၂၅)ရက်နေ့မှ (၃၀.၅.၂၀၂၅)ရက်နေ့ထိ ပြိုင်ပွဲဝင် အသင်းပေါင်း (၂၄) သင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း (၄၈၀)ဦးဖြင့် အုပ်စုများခွဲကာ ပြည်နယ်အားကစားကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဇင် (ပြည်နယ်၊ ပြန်/ဆက်)