စမ်းချောင်းမြို့နယ်တွင် ဆဌမအကြိမ်မြောက် ဟင်းသီးဟင်းရွက်၊ သား၊ငါး အခြေခံစား သောက်ကုန်များအား Mobile market ကားများဖြင့် ရပ်ကွက်များအရောက် လိုက်လံ ရောင်းချ

စမ်းချောင်း ဒီဇင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ် ၁၉ ကာလအတွင်း ပြည်သူများ အနေဖြင့် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် ဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်း လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင် ရေးတို့အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍   ဆဌမအကြိမ်မြောက်အဖြစ်ယနေ့နံနက် (၇)နာရီမှ (၁၀)နာရီထိ စမ်းချောင်းမြို့နယ် အတွင်းရှိ စမ်းချောင်း(တောင်)ရပ်ကွက်အတွင်းသို့ Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကားများဖြင့် ရပ်ကွက်များ အတွင်းလာရောက်ရောင်းချနေမှုအား မြို့နယ် စည်ပင် သာယာရေးမှ တာဝန်ရှိပုဂ္ဂိုလ်များက စည်းကမ်းချက်များနှင့်အညီ ရောင်းချ၊ ဝယ်ယူနေမှုအား ကြည့်ရှုခဲ့ကြသည်။

ယခုကဲ့သို့ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုအား အလှည့်ကျ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ချောစုဝင်း(ပြန်/ဆက်)