တာချီလိတ် မေ ၂၁
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” “Ending Plastic Pollution” ခေါင်းစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက အထိမ်းအမှတ်ပိုစတာများ စိုက်ထူခဲ့သည်။
အဆိုပါအထိမ်းအမှတ်ပိုစတာ အလျား ၁၀ ပေ၊ အနံ ၆ ပေရှိ မြေစိုက်ပိုစတာဆိုင်းဘုတ် (Bill Board) များ စိုက်ထူခြင်းကို တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဖွဲ့ဝင်များမှ တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးရှေ့မျက်နှာစာတွင်လည်းကောင်း၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးဘေး မယ်ခေါင်ချောင်းအနီးတွင် လည်းကောင်း စသည့် နေရာအသီးသီးတွင် စိုက်ထူခဲ့ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ ဖော့ဘူးခွံများကို မြစ်၊ ချောင်း၊ မြောင်းများမှတစ်ဆင့် ပင်လယ်တွင်းသို့ စီးဝင်မှုထိန်းချုပ်နိုင်ရေး တိုးမြှင့် ဆောင်ရွက်သွားရန်နှင့် တစ်ခါသုံးပလတ်စတစ် (Single Use Plastic) သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချသွားရန် သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားရန် စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)