ပင်းတယ မေ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ လူငယ်ရေးရာကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားအား သင်တန်းသား/ သင်တန်းသူများက “အစဉ်အသင့်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အမှာစကားပြောကြားရာတွင် “ယနေ့ကျင်းပပြုလုပ်သည့် ကင်းထောက်လူငယ်သင်တန်းသည် ကျောင်းသားလူငယ်များအား လမ်းမှားသို့ မရောက်စေရေးအတွက် အလွန်အရေးပါသော သင်တန်းဖြစ်ကြောင်းနှင့် ကင်းထောက်အသိ ကင်းထောက်စိတ်ဓာတ်ဖြင့် အချင်းချင်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသနှင့် မြို့ရွာများကို ယခုထက်ပို၍ တိုးတက်ဖွံ့ဖြိုးအောင်ကြိုးစားဆောင်ရွက်သွား ကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများက “ကင်းထောက်များရဲ့ ရှေ့သို့လှမ်းချီ” သီချင်းဖြင့်သီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ဖြည့်စွက်)ရန်ပုံငွေကျပ် (၃၈ ဒသမ ၀၄၈)သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ပွေးလှကျေးရွာလမ်းပေါ်ရှိ(၁၈)ပေ ကွန်းကရစ် တံတားဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် တံတားဖွင့်ပွဲအခမ်းအနားအား အဆိုပါတံတားအနီး၌ ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပြီး ပင်းတယမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရိုရိုကုမ္ပဏီမှတာဝန်ခံက ကျေးရွာလမ်းကော်မတီ၏ ကိုယ်စားလှယ်ထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ပြီး ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)