ကျောက်ဆည် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နှင့်မြို့ပြ ကွာဟမှုမရှိစေရေးအတွက် ကောင်းမွန်မှုမရှိသည့် ကျေးရွာချင်းဆက်လမ်းပိုင်းများအား (၅)နှစ်အတွင်း ကွန်ကရစ်လမ်းများ ခင်းပေး နိုင်ရေး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်းထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းတို့မှ ယနေ့နံနက် (၈)နာရီခွဲက ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကျေးရွာချင်းဆက် လမ်းပိုင်များခင်းပေးမည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ရပ်ဖများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်းကျေးရွာချင်းဆက်လမ်း၊ အနောက်ငယ်တိုးနှင့် သင်ပျိုကျေးရွာချင်းဆက်လမ်း၊ ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ရှားပင်ကျေးရွာ ဆက်သွယ်ထားသည့်လမ်းများအား ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
လမ်းများတိုင်းတာရာတွင် အရှည်ပေ(၃၀၀၀)၊ အကျယ်(၂၄)ပေရှိ အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်း ကျေးရွာချင်းဆက်လမ်းပိုင်း၊ အရှည်ပေ(၃၀၀၀)၊ အကျယ်(၁၈)ပေရှိ အနောက်ငယ်တိုးနှင့် သင်ပျို ကျေးရွာချင်းဆက် လမ်းပိုင်း၊ အရှည်(၁)မိုင်ခွဲ၊အကျယ်(၂၄)ပေရှိ ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ရှားပင်ကျေးရွာဆက်သွယ် ထားသည့် လမ်းပိုင်းတို့အား တိုင်းတာမှုများဆောင်ရွက်ခဲ့ကြပြီး အဆိုပါလမ်းပိုင်းများအား ကွန်ကရစ်လမ်းခင်းနိုင်ရေး ပြည်ထောင်စုအစိုးရနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များထံသို့ တင်ပြသွားမည်ဖြစ်ကာ ခွင့်ပြုပေးသည့် ဘဏ္ဍာနှစ်အလိုက် ကွန်ကရစ်လမ်းများ ခင်းပေးသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောပြသည်။
သက်မောင် ၊ ကျောက်ဆည်