ညောင်ဦး မေ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းသည် မေ ၂၀ ရက်၊ ၂၁ ရက်တို့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများ၊ ဆောင် ရွက်လျက်ရှိသောလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အဖွဲ့ဝင်များသည် မေ ၂၀ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ယူနက်စကို၏ကြီးကြပ်မှုဖြင့် အိန္ဒိယနိုင်ငံ ASI အဖွဲ့ကပြုပြင်ဆောင်ရွက်ထားသော သိကြားပုန်းဘုရား၊ ဘုရားအမှတ် (၁၉၈၃) ပြုပြင်ထိန်းသိမ်းထားရှိမှု၊ အာနန္ဒာအုတ်ကျောင်းပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် မီးငြိမ်းကုန်းဘုရား ပြုပြင်ထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ပြုပြင်ထိန်းသိမ်းထားရှိမှုများအား မဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးမှုတို့အား ရှင်းလင်းခဲ့ကြောင်း သိရသည်။ ထိုနောက် မေ ၂၁ ရက်၊ နံနက် ၇ နာရီခွဲအချိန်တွင် တိုင်းသေကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့်အဖွဲ့ဝင်များ သည် ညောင်ဦးမြို့ ဘက်စုံသုံးမြို့နယ် ခန်းမတည်ဆောက်ခြင်း ရှင်းလင်းဆောင်၌ အဆောက်အဦအထူးအဖွဲ့ (၇) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးဇော်က တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ညောင်ဦး-ပုဂံမြို့သစ်ဆက် သွယ်ဖောက်လုပ်ထားသည့် အနော်ရထာနှစ်လမ်းသွား ကားလမ်းမကြီးပေါ်ရှိ ညောင်ဦး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ CSR ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အနော်ရထာလမ်းရေကျော်၊ မိုင်တိုင် (၂/၅-၂/၆)အတွင်း Box culvert တွဲလျှက် မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြို့ရေပေးဝေရေးအတွက် အမှတ် (၆) ရပ်ကွက်ရှိ ရေဂါလံ ၁၅၀၀၀ ဆံ့၊ ရေစင်တည်ဆောက်ပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့်တာဝန်ရှိသူများက ရှင်းပြသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့်ဝန်ထမ်းများ လိုက် ပါခဲ့ကြောင်း သိရသည်။
ဒီပါလင်း