လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

လှည်းကူး မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ ဗဟုသုတရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ဟောပြောပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ဦးသက်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား/ကျောင်းသူများက ပန်းချီဆွဲ၊ စာဖတ်စွမ်းရည်၊ ညဏ်စမ်းပဟေဠိ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ကလေးအုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်/ စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)