ကျောက်ဆည်မြို့နယ်ပညာရေးမှူး ဦးအေးလင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာကြီးများအား တွေ့ဆုံမှာကြား

ကျောက်ဆည် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့်ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်ဝင်တို့သည် ယမန်နေ့နံနက် (၉) နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးအေးလင်းက ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအနေနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးလုပ်ငန်းများကို မေလ (၂၂) ရက်နေ့မှ စတင်၍ ဇွန်လ (၁) ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်သွားကြရန်နှင့် လက်ခံကျောင်းသား၊ ကျောင်းသူဦးရေစာရင်းများကိုလည်း နေ့စဉ်မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြပေးသွားရေး အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးညွှန့်ဝင်းက ကျောင်းအပ်လက်ခံရေးလုပ်ငန်းများကို လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် ကျောင်းဥတိရုပ် ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၃၀) ကျောင်း၊ အခြေခံပညာမူလတန်း (လွန်) ကျောင်း (၂၅) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (၉) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (၉) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၁၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၇) ကျောင်းရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)