ကျောက်ဆည်မြို့နယ် သီးပင်ကျေးရွာတွင် အဝီစိတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ၊ အမြင့်ရေကန်နှင့် ရေပိုက်လိုင်းများ သွယ်တန်းပေးမှုကြောင့် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာသုံးစွဲနိုင်တော့မည်

ကျောက်ဆည် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သီးပင်ကျေးရွာတွင်ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေး အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိတွင်း တူးဖော်ပေးခြင်း၊ ရေစက်ရုံ၊ အမြင့်ရေကန်နှင့် ရေပိုက်လိုင်းများ သွယ်တန်းပေးမှုကြောင့် ကျေးရွာပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

လုပ်ငန်းများဆောင်ရွက်ပေးရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၇.၈၈၈၀)သန်းဖြင့် (၄) လက်မအကျယ် အဝီစိ(၅)ပေါက်တွင်း(၁)တွင်း၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရှိ ရေစက်ရုံ(၁)ရုံ၊ အလျား(၁၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၄)ပေ၊ ရေဂါလံ(၂၄၀၀)ဆန့် အမြင့်ရေကန်(၁)ကန်နှင့် (၂)လက်မ ရေပိုက်လိုင်း ပေ(၇၀၀) သွယ်တန်း ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၄.၇၅)သန်းဖြင့် (၃)လက်မ ရေပိုက်လိုင်း(၅၃၀)ပေ၊ (၂)လက်မ ရေပိုက်လိုင်း(၂၅၅၀)ပေ ထပ်မံသွယ်တန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ယခုအခါ လုပ်ငန်းများဆောင်ရွက်ပြီးစီပြီဖြစ်သောကြောင့် ကျေးရွာရေပေးဝေရေးကော်မတီအဖွဲ့မှ ကျေးရွာ အိမ်ထောင်စု ဝင် များအား ရေမီတာစနစ်ဖြင့် နေအိမ်အရောက် သန့်ရှင်းသော သောက်သုံးရေးများ ပေးဝေနိုင်တော့မည် ဖြစ်ကြောင်းသိရှိရသည်။

သက်မောင် (ကျောက်ဆည်)