လွိုင်လင်ခရိုင်၊ ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်တွင် ခရိုင်အဆင့်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပင်လုံ မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်တွင် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော် ဧရိယာအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပင်လုံမြို့ မေတ္တာအေးရိပ်ပရဟိတ‌ကျောင်း နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒ (လားရှိူမြို့ မန်ဆူကျောင်းဆရာတော်) အမှူးပြုသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူးနှင့်ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဌာနေပြည်သူစစ်အဖွဲ့များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်သစ်တောဦးစီးမှူး  ဦးတင်မျိုးအောင်နှင့် ဝန်ထမ်းများတက်ရောက်ကြသည်။ ဦးစွာ သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့်ပျိုးပင်များအား တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများ ကပေးအပ်ရာ ဌာနဆိုင်ရာအကြီးအကဲများမှ လက်ခံရယူကြသည်။ ထို့နောက် မန်ဆူဆရာတော်၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးတို့ကဦးဆောင်၍ ချယ်ရီပင်များ စိုက်ပျိုးပေးကြသည်။ ယင်းနောက် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား ကြည်ရှုအားပေးကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ထင်းရှူး (၉၄) ပင်၊ စိန်ပန်းပြာ (၇၅) ပင်၊ ခရေ (၄၀) ပင်၊ နှင့် ချယ်ရီ (၁၄၁) ပင် စုစုပေါင်း သစ်ပင် (၃၅၀) ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး