ညောင်ရွှေ မေ ၂၁
“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ယခုနှစ် ကျောင်းအပ်နှံရေး သီတင်းတစ်ပတ် ဆိုင်းဘုတ်စိုက်ထူဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ ရုံးကြီးလမ်းနှင့် မိုင်းလီချောင်းလမ်းထောင့်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ မြို့နယ်ပညာရေးကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကျောင်းအပ်နှံရေးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ