ဟိုပုံးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟိုပုံး မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မန္တလေးငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဖြေဆိုရက်ရွေ့ဆိုင်းခဲ့ရသည့် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်များ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာဖြေဆိုကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုကျင်းပမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာတော်၊ သံဃာတော်များအတွက် စာမေးပွဲဖြေဆိုသည့် နေ့အလိုက် စာဖြေသံဃာများအတွက် ဆွမ်း၊ ကွမ်း၊ လှူဖွယ်ဝတ္ထုများ၊ ဝေယျာဝစ္စကိစ္စများ ကြိုတင်ပြင်ဆင်မည့်လုပ်ငန်းများနှင့် ဆရာတော်၊ သံဃာတော်များနှင့် စာဖြေသံဃာများအတွက် ကြိုဆိုရေးယာဉ်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လျှောက်ထားသည်။

ထို့နောက် ဟိုခိုဘုန်းတော်ကြီးကျောင်းဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌက နေ့အလိုက် အလှူရှင်များ၏စာရင်းကို မိန့်ကြားပြီး တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ သီရိမင်္ဂလာသာသနာ့ဗိမာန်၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းများကို ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၆၉)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)