ရွာငံ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရွာငံမြို့နယ်ဘဏ်ခွဲမှ ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတဝန်းလုံးရှိ တောင်သူလယ်သမား ဦးကြီးများသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ ချေးငွေပြေကျေမှသာ (ယခင်ကျွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ် ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်သည်။
ချေးငွေများကို မေလ (၂၀) ရက်နေ့မှစ၍ အင်းကုန်းငါးဆူကျေးရွာအုပ်စုရှိ တောင်သူ (၂၅) ဦး ၊ စပါး (၉၄) ဧက အတွက် ငွေကျပ် (၁၄၁.၀၀) သိန်းကိုစတင်ထုတ်ချေးပေးခဲ့သည်။တစ်ဧကလျှင် စပါး (၁၅၀,၀၀၀) ကျပ် ချဉ်မျှင်ရှည်ဝါ (အစေ့ထုတ်) (၁၅၀,၀၀၀) ကျပ်၊ အခြားသီးနှံ (၁၀၀,၀၀၀) ကျပ် နှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ကျပ် (၁၀၀) လျှင် ၅ ရာခိုင်နှုန်းဖြစ်သည်။ ရွာငံမြို့နယ် ဘဏ်ခွဲအနေဖြင့် ၂၀၂၅ မိုးရာသီတွင် စပါး (၃၉၃၀) ဧကနှင့် အခြားသီးနှံ (၄၉၅) ဧက အတွက် ကျပ်သိန်း (၆၃၉၀) ထုတ်ချေးပေးသွားရန် လျာထားပါကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြိုနယ်မန်နေဂျာ ဦးဆွေနိုင် ထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်