ဒေါပုံမြို့နယ်တွင် ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဒေါပုံ မေ ၂၀

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.လ.က (၂) ကျောင်းနှင့် အ.မ.က (၃) ကျောင်းများသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းရာတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ပိုးလောက်လန်းနှိမ်နင်းခြင်းလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အဘိတ်ဆေးများ ခတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနမှူး ဒေါက်တာ မျိုးမျိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ချစ်စုဝေ (ပြန်/ဆက်)