သာကေတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

သာကေတ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အလိုက်၊ ကျောင်းများအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီခွဲ အချိန်မှစ၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)၊ (၁၇)၊ (၂၄)အခြေခံပညာမူလတန်းကျောင်းများနှင့် နယူးလိုင်တာ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ/ ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်၊ ရေစည်၊ ရေအိုး၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းဆောင်ရွက်ကာရေကန်များအတွင်း အဘိတ်ဆေး(Abate)ခပ်ခြင်းနှင့် စာသင်ခန်းများအတွင်း ခြင်ဆေးဖြန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြသည်။

သာကေတမြို့နယ်၊ (၁၉) ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများအလိုက် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တာဝန်ရှိသူများ ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သဲထက်ဇင် (ပြန်/ဆက်)