ဒဂုံတောင် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ မဖြစ်ပွားစေရန်အတွက် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၏ နောက်ဆက်တွဲအဖြစ် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ရပ်ကွက်များအတွင်း ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ NGOများ၊ INGOများ၊ ပရဟိတ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့များက ရပ်ကွက်များတွင် ကာကွယ်ဆေးထိုးစုရပ်နေရာများ သတ်မှတ်၍ ကွင်းဆင်းထိုးနှံပေးကြောင်း သိရသည်။
အဆိုပါအမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၏ နောက်ဆက်တွဲအဖြစ် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ကာကွယ်ဆေးထိုးနှံပေးခြင်း ပထမနေ့တွင် မြို့နယ်အတွင်းရှိ ကလေးငယ် (၂၀၉၁) ဦး ထိုးနှံပေးပြီးကြောင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အသက် ၁ နှစ်မှ အသက် ၅ နှစ်အထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းအေး