မြစ်ကြီးနား မေ ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၆)ကြိမ်မြောက် နွေရာသီပညာပါရမီအဖြစ် ကျောင်းသား/ ကျောင်းသူများအား ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများကို (၃-၃-၃၀၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့မွန်းလွဲ (၁) နာရီတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောဿတ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။
ထို့နောက် ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်း မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသဝထံမှ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က ကျောင်းထိုင်ဘုန်းကြီး သင်တန်းအပြင် ကျောင်းသား/ ကျောင်းသူ (၈၀၀)ကျော်တို့အတွက် နွေရာသီပညာပါရမီအဖြစ် သင်တန်းများဖွင့်လှစ်ပေးခဲ့ခြင်းကို ရှင်းလင်းမြွက်ကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသဝထံ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ်သိန်း (၂၀)ကို လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အလှူရှင်များက အလှူငွေများကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ကွန်ပျူတာသင်တန်းဆင်း ကျောင်းသား/ကျောင်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်တေးသီချင်းနှင့် လမ်းပြကြယ်တေးသီချင်းတို့ကို ဂုဏ်ပြုသီဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ကျောင်းသားလူငယ်များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)