ရွှေကူ ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၄)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်မှ ယာဉ်နောက်လိုက် ဗန်းမော်မြို့နယ် တာမိုင်းလုံ ကျေးရွာနေသူ အမျိုးသား (၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်(၁)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာတိုက်ခန်း(ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းပိုးတွေ့လူနာ (၁)ဦးနှင့်အတူ ဆက်စပ်မှုရှိသည့် ယာဉ်မောင်း(၁) ဦးအား ရွှေကူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင် ထားရှိကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit) ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၃၀)ဦးရှိပြီ ဖြစ်ကြောင်း၊ (၂၀)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)