၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ ဦးဆောင်ညွှန်ကြားရေးမှူး တက်ရောက်

သုံးခွ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၅- ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အဖွဲ့သည် လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက ၂၀၂၅ မိုးချေးငွေမူဝါဒစည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူမှ မှိုကုန်းသာကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်မောင်လွင်အား (၁၀) ဧကအတွက် ၂၀၂၅ မိုးချေးငွေများ ပေးအပ်ခြင်းအားလည်းကောင်း၊ တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရမှ ဟေမဇလာကျေးရွာအုပ်စုရှိ တောင်သူဦးဌေးလွင်အား (၉) ဧကအတွက် ၂၀၂၅ မိုးချေးငွေအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေတို့က တောင်သူများအား မိုးချေးငွေများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် အချိန်စေ့ကြွေးကျန် ပေးပြေကျေစွာ‌ ပေးဆပ်ပြီးသော မှိုကုန်းသာကျေးရွာ၊ ဟေမဇလာကျေးရွာအုပ်စုမှ တောင်သူ(၁၀၇)ဦးအား တစ်ဧက ကျပ်(၁)သိန်းခွဲနှုန်းဖြင့် (၉၀၆) ဧကအတွက် ငွေကျပ်(၁၃၅၉)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်စိုက်ပျိုးရာသီ၌၊ တောင်သူ (၃၅၀၀)ဦး ၏မိုးစပါးဧက (၃၀၅၀၀) အတွက် တစ်ဧက ကျပ်(၁)သိန်းခွဲနှုန်းဖြင့် ( ၄၅၇၅.၀၀) ကျပ်သန်းအားထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)