တွံတေးမြို့နယ်၌ အိမ်တွင်းလက်မှုချည်ထိုးနည်း သင်တန်းဖွင့်လှစ်

တွံတေး မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အတတ်ပညာရှင်တို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအိမ်တွင်းလက်မှုချည်ထိုးနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက နွေရာသီအားလပ်ရက် ကျောင်းသူများ၊ အမျိုးသမီးငယ်များ အိမ်တွင်းမှုအတတ်ပညာတတ်မြောက်၍ မိသားစုတစ့်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးပွားလာစေရန်၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုအနေဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် လက်မှုပညာတစ်ခုဖြစ်သော အိမ်တွင်းလက်မှု ချည်ထိုးနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နည်းပြဆရာမ ဒေါ်မျိုးကလျာရွှေက လက်မှုအတတ်ပညာတတ်ထားလျှင် မိသားစုဝင်ငွေတိုးမည့် လုပ်ငန်းဖြစ်သည့်အတွက် ကြိုးကြိုးစားစားလေ့လာသင်ယူကြရန်ပြောကြားပြီး ချည်ထိုးမည်သင်ထောက်ကူပစ္စည်းများနှင့် မိတ်ဆက်ပြသခဲ့သည်။ ထို့နောက် အုန်းပင်စုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမိုးမြသောင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအိမ်တွင်းလက်မှုချည်ထိုးနည်းသင်တန်းကို နည်းပြဆရာမ ဒေါ်မျိုးကလျာရွှေနှင့် အကူနည်းပြ တစ်ဦးတို့က သင်တန်းသား (၁၅) ဦးကို မေလ(၁၉)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်တန်းကာလ (၁၁) ရက်တိတိ နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား