တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ(ဗီနိုင်း) စိုက်ထူပွဲကျင်းပ

တံတားဦး မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ် တံတားဦး-မြို့သာ ကားလမ်း မြို့အဝင်ဆိုင်းဘုတ်အနီးတင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများနှင့်ဆရာ၊ ဆရာမများက ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ(ဗီနိုင်း)အား စိုက်ထူပေးကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ တံတားဦးခရိုင် ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးစိုးတင့်၊ မြို့နယ်ပညာရေးမှူ ဒေါ်စန်းဥတို့က မြေစိုက်ပိုစတာအား အမွှေးနံ့ရည်များ ပက်ဖျန်းပေးကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။ မြေစိုက်ပိုစတာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ “ပါရှိပြီး အဆိုပါဆောင်ပုဒ် နှင့်အညီ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေ(၂၂)ရက်နေ့မှ ဇွန်(၂၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။

အဆိုပါ မြေစိုက်ပိုစတာပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)