စဉ့်ကိုင်မြို့နယ်၌ "ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာ စိုက်ထူပွဲ ကျင်းပ

စဉ့်ကိုင် မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade-12) အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)