ချမ်းအေးသာစံ မေ ၂၀
မန္တလေးတက္ကသိုလ်ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၉ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြား၍ မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်က မန္တလေးတက္ကသိုလ်ရာပြည့်သဘင် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြပြီးနောက် မန္တလေးတက္ကသိုလ် နှစ်(၁၀၀) ပြည့်အခမ်းအနား ဦးဆောင်ကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်း မြို့မိမြို့ဖများအားက ရာပြည့်သဘင် အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
မန္တလေးတက္ကသိုလ်ကို ၁၉၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေးမြို့၌ မန္တလေးဥပစာ ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်ရာ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်