ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ကျိုင်းလပ် မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်က အမှတ်(၂)ရပ်ကွက်သို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ငှားရမ်းပေးရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၆၀)ကို ယူဆောင်၍ စာဖတ်ပရိတ်သတ်များထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များအပ်နှံမှုကို ပြန်လည်လက်ခံခြင်း၊ စာအုပ်စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဦးစီးဌာနအနေဖြင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများ လေ့လာဖတ်ရှုခွင့်ရရှိကြပြီး ယခင်ငှားရမ်းထားသော စာအုပ်များကိုလည်း ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်အသစ်များ ထပ်မံငှားရမ်းနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)