ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဟိုပုံး မေ ၂၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ရှိ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက  မေလ(၁၈)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဟိုပုံးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ခင်ရတနာဆု၊ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နန်းခမ်းအွန်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်(၃၅၀)သန်းဖြင့် ဆောင်ရွက်မည့် ဆီဆိုင်မြို့နယ် ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင်လမ်းပေါ်ရှိ (၂၀၀)ပေ(61m) သံကူကွန်ကရစ် တံတား(၁) စင်းတည်ဆောက်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၈၀)သန်းဖြင့်ဆောင်ရွက်မည့် ဟိုပုံးမြို့နယ် ဟွေ့ရေခေါက်-ဟိုဆင်-ဟွေ့လုံ-ဖက်ရမ်းလေး-ဖက်ရမ်းကြီး-ဒုံလိတန်-ဝမ်စောက်-ဟိုင်းနွဲ ဆီဟိုးလမ်းပေါ်ရှိ (၉၀)ပေ (27.43m)ရေကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်တာဝန်ခံအင်ဂျင်နီယာအား လုပ်ငန်းများကို  သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသော တံတားဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ပြည့်ဝစေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်ရန်‌မှာ ကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ကတ္တရာလမ်းခင်းခြင်း၊ သံကူကွန် ကရစ်တံတား (၄) စင်းနှင့် ရေကျော်တံတား (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)