ချောင်းဆုံ မေ၂၀
မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ (၁၉)ရက်နေ့က မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ကလွီကျေးရွာမှ မိုးစပါးစိုက်တောင်သူ(၁၆)ဦးတို့၏ စိုက်ဧက(၈၇)ဧကအတွက် (၁၃၀၅၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးချေးငွေများ ထုတ်ပေးရာတွင် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို အစောဆုံး ပြန်လည်ပေးဆပ်ခဲ့သည့်ကျေးရွာကို စတင်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးစပါးစိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးမည် ဖြစ်ကြောင်း နှင့် ချေးငွေများကို လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးပြုကြရန် လိုအပ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ) မန်နေဂျာ ဒေါ်သီတာထွန်းက ပြောကြားသည်။
ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇) အမည်ပေါက် ရှိရမည်ဖြစ်ပြီး မိုးစပါး ချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက် ၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် ကတ်ပြားတို့ ပါရှိမှသာ စိုက်ပျိုးချေးငွေများ လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၆)စုမှ မိုးစပါးစိုက်ဧက စုစုပေါင်း(၃၄၄၄၂)ဧကအတွက် ချေးငွေစုစုပေါင်း သိန်းပေါင်း (၅၁၆၆၃)သိန်းခန့်အား ထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)