ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး

တောင်ကြီး မေ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ တောင်သူဦးကြီးများထံ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ တောင်ကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) ပြည်နယ်မန်နေဂျာ ဦးဘကျော်တင်က အဖွင့်အမှာစကားပြောကြားရာတွင် မိုးရာသီ၌ လယ်ယာလုပ်ငန်းခွင် စတင်ဝင်ကြမည့် လယ်သမားများအနေဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီ  ဆောင်ရွက်နိုင်စေရန် အတွက် ယခင်စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်မရှိသည့် တောင်သူများအား အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဦးစားပေး ထုတ်ချေးပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် (၁၅၀,၀၀၀)နှုန်း၊ ပြောင်း(၁)ဧက လျှင် (၁၀၀,၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်သည်။

တောင်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် စပါးလျာထားဧက (၈၉၈၀) ဧက၊ ပြောင်းလျာထားဧက (၆၇၃၀) ဧကအတွက် ချေးငွေ ကျပ်သိန်းပေါင်း (၂၀,၂၀၀) ကျပ် ထုတ်ချေးပေးရန်လျာထားပြီး  ယနေ့တွင် ပထမဆုံးထုတ်ချေးသည့် နမ့်ဆီးကျေးရွာအုပ်စု၊ မင်္ဂလာကျေးရွာအုပ်စုနှင့် ဖာမွန်းကျေးရွာအုပ်စုမှ တောင်သူ (၉၀) ဦး၏ စပါးစိုက်ဧက (၁၆၂) ဧက၊ ပြောင်းစိုက် ဧက (၄၂၁) ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ်သိန်း (၆၆၄) သိန်းကို တောင်သူလက်ဝယ် အရောက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာ ဦးကျော်လွင် ထံမှ သိရသည်။

ကျော်ဇင်(တောင်ကြီး၊ပြန်/ဆက်)