ဂွ၊ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့၊ တိုင်ကျိုးကျေးရွာတွင် တောဆင်ရိုင်း (အထီး၊ အမ၊ ဆင်ပေါက်) အကောင်စုံ (၉)ကောင်ခန့်သည် ဒီဇင်ဘာ(၉)ရက် ညသန်းခေါင် ခန့်က လူနေထိုင်သည့် တဲများနှင့် စပါးများအား ဝင်ရောက်ဖျက်ဆီး သွားခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် ဦးကျော်နိုင်ထွန်း နေထိုင်သည့် လူနေတဲ(ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း) တစ်စိတ်တစ်ပိုင်းနှင့် စပါး(၁၀)တင်း၊ ဦးချစ်လှနေထိုင်သည့် လူနေတဲ (ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း) တစ်စိတ်တစ်ပိုင်း နှင့် စပါး(၁၀)တင်း၊ ဦးလှအုန်း၏ စပါးခင်းမှ စပါး(၅)တင်း ခန့်၊ ဦးနဒီနေထိုင်သည့် လူနေတဲ(ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း(လုံးဝပျက်စီး)နှင့် စပါးတင်း (၅၀) ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ တောဆင်ရိုင်းများဖျက်ဆီးမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းနှင့် ဆင်နှင့်လူ ပဋိပက္ခ လျှော့ချရေးအဖွဲ့မှ အဆိုပါ ဆင်များကို ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ လယ်၊ ဥယျာဉ်များနှင့် လွတ်ကင်းရာသို့ မောင်းနှင်ထားကြောင်း သိရသည်။
ဂွမြို့နယ်(ပြန်/ဆက်)