မန့်ဟီးရိုးမြို့တွင် မွေးကင်းစအရွယ်မှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မန့်ဟီးရိုး ဒီဇင်ဘာ ၁၀                           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က မန့်ဟီးရိုးမြို့၊ နောင်ခေါ်ကျေးရွာအုပ်စုရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်သည်။                        

မန့်ဟီးရိုးမြို့၊ နောင်ခေါ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါစသည့် ရောဂါများအတွက် ကာကွယ် ဆေးထိုးနှံပေးခြင်း၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)စသည့်ရောဂါများအတွက် ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ဆေးထိုးနှံပေးခြင်းတို့ကို မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။                            

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ၌ လူစုလူဝေးမဖြစ်ပွားစေရန်အတွက် မိဘအုပ်ထိန်းသူ တစ်ဦး(မိခင်)နှင့် ကလေးငယ်များကို လာရောက်ထိုးနှံကြရန် ကြိုတင်အကြောင်းကြားထားပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကလေးငယ်တစ်ဦးချင်းစီကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း ကျေးရွာ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။

စန္ဒာ(ပြန်/ဆက်)