ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာ စိုက်ထူ

အမရပူရ   မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေး အားလုံးစဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က စစ်ကိုင်း-မန္တလေးလမ်းမပေါ် မှန်တန်းရပ်၊နန်းတော်ရာစံပြစျေးအနီး တွင် စုပေါင်းစိုက်ထူခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ခရိုင်ပညာရေးမှူးဒေါ်ထုလွမ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများ၊လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး အဆိုပါ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အမရပူရမြို့နယ်တွင် (၂၀၂၅- ၂၀၂၆)ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade-12)အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုးသီဟ(အမရ)