ပုဇွန်တောင်မြို့နယ်၌ အသက်တစ်နှစ်မှ ငါးနှစ်အတွင်းကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပုဇွန်တောင် မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက (၅၄) လမ်းတိုရှိ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် (၅၅) လမ်းရှိ မာဃလုလင်ဆွမ်းလောင်းဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့သည်။

Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ပုဇွန်တောင်မြို့နယ်အတွင်း (၁) နှစ် မှ (၅) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးမပြည့်မီလိုက်သော ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို Catch-up နည်းလမ်းဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးခဲ့သည်။

အဆိုပါဆေးထိုးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမင်းဇော်၊ ဦးစီးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သောအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်