ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်ကိုယ်စားပြု အားကစားသမားများကို အောင်နိုင်ရေး အလံပေးအပ်

နမ့်စန်(တ) မေ ၁၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသင်းအုပ်ချုပ်သူ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက တာဝန်ရှိသူများကို ပြည်နယ်အားကစားပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ယခု ပြည်နယ်အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် စည်းကမ်းရှိစွာဖြင့် ပြိုင်ပွဲဝင်စေလိုကြောင်း၊ ယခုပြိုင်ပွဲတွင် အောင်မြင်မှုရလဒ်ကောင်းများ ရရှိမည်ဟုမျှော်မှန်းထားပါကြောင်း၊ အားကစားသမားများ အနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်နှင့် မြို့နယ်အတွက် အစွမ်းကုန်ကြိုးစားကြရန် ပြောကြားခဲ့ပြီး မြို့နယ်ကိုယ်စားပြု ဘောလုံးအသင်း တာဝန်ရှိသူများထံသို့ အသင်းအောင်နိုင်ရေး အလံပေးအပ်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို မေလ ၂၁ ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ပြီး နမ့်စန်မြို့နယ်မှ အသင်းအုပ်ချုပ်သူ (၁) ဦး၊ အသင်းနည်းပြ (၂) ဦးနှင့် အားကစားသမား (၁၈) ဦး စုစုပေါင်း (၂၁) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)