သန်လျင်မြို့မဈေးကြီးမီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

သန်လျင်   ဒီဇင်ဘာ   ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့၊ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် သရုပ်ပြဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါဇာတ်တိုက်လေ့ကျင်ရာတွင် ဈေးသူဈေးသားများအား လက်တွေ့မီးငြိမ်းသတ်နည်း၊ သရုပ်ပြခြင်း၊ မီးသတ်ယာဉ်များဖြင့် ငြိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များကလက်တွေ့သရုပ်ပြကူညီဆောင်ရွက်ပေးကြသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိုက်စိုးကမြို့မဈေးကြီးအတွင်းအရေးပေါ် မီးငြိမ်းသတ်နိုင်ရန် မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များထားရှိပေးသည့်အပြင် အဆင်သင့်အသုံးပြုနိုင်ရန်ရေငုတ်လေးခုကိုလည်း စီစဉ်ထားရှိကြောင်း ဈေးသူ၊ ဈေးသားများ မီးလောင်မှုဖြစ်ပွားပါကဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပေး ဆောင်ရွက်ထားကြောင်း၊ မီးပေါ့ဆမှု မရှိစေရေးနေ့စဉ် လက်ကိုင်အသံချဲ့စက် များဖြင့်သတိပေး နှိုးဆော်လျှက်ရှိကြောင်းဖြင့် ပြောကြားသည်။

ယနေ့ကျင်းပသည့် သန်လျင်မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသောကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူ ဦးကျော်လွင်ဦး၊ သန်လျင်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးရဲမြင့်နှင့်ကော်မတီဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးသိုက်စိုးနှင့်တာဝန်ရှိသူများကြည့်ရှုအားပေး၍လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့သည်။ အခမ်းအနားအပြီးတွင်ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများသည်မြို့မဈေးကြီးအတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်စီစဉ်ထားရှိသောမီးချိတ်၊မီးကပ်၊ရေသဲနှင့်မီးသတ်ဆေးဗူးများကိုလိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)