မောက်မယ် မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိသာသနပါဒကကျောင်း ကြီးစာသင်တိုက်၌ (၄၃) ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ထံငါးပါးသီလခံယူဆောက်တည်၍ (၄၃)ကြိမ်မြောက် ပရိယတ္တိသာသနပါဒက စာမေးပွဲအောင်မြင်တော်မူကြသည့် သံဃာတော်ရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့် ဆက်ကပ်တော်မူပြီး ကြွရောက်လာကြသော သံဃာတော်အရှင် သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ အလှူရှင်များက လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ပရိယတ္တိသာသနပါလစာမေးပွဲကို မေလ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ပရိယတ္တိသာသနပါဒက ကျောင်းကြီးစာသင်တိုက်၌ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ရာ စာပွဲတော်တွင် ရှင်သာမဏေများ(၁၉၃)ပါး ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)