မိုင်းခုတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာအောင်က အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များအနေဖြင့် အခြားဗဟုသုတများနှင့် စာပေအသိပညာ ဗဟုသုတများရရှိစေရန် စာအုပ်စာပေများကို ဖတ်ရှုစေလိုကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့်ဆိုးကျိုး အန္တရာယ်များ၊ လူကုန်ကူးမှု အသိပညာပေး အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များအား တက်ရောက်လာသော လူငယ်၊ လူရွယ်များက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)